မှော်ဘီ ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မှော်ဘီပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ သွေးလွန်တုပ် ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့်အသိပေးဆွေးနွေးပွဲကို ဇူလိုင်လ ၂၂ ရက်နေ့ နေ့လည်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မှော်ဘီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမြထွန်းကအမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ခင်အေးဝင်းမှ သွေးလွန်တုပ်ကွေးနှိမ်နင်းရေးအကြောင်းပြောကြားကာ သွေးလွန်တုပ်ကွေးရောဂါ(Dengue Haemorchagic Fever) သည် (Arbo-virus) အမျိုးအစားဖြစ်သောဒင်ဂီးဗိုင်းရပ်စ်ပိုး(Dengue virus)သယ်ဆောင်သောခြင်ကျား(Aedes) ကိုက်ခြင်းကြောင့်ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင်အဓိကကူး စက်မြန်ရောဂါကြီးများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဖြစ်ပွားပါကအခြားကမ္ဘာ့နိုင်ငံများနည်းတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့သတင်းပေးပို့ရသောရောဂါဖြစ်ကြောင်း၊ မိုးရာသီဖြစ်သဖြင့်ခြင်ကျားပေါက်ပွားရာနေရာများ များပြားလာခြင်းတို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများပြားလာမည်ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ကလေးများတွင်သာမက အသက်အရွယ်မရွေးဖြစ်ပွားနိုင်သဖြင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို စီမံချက်များဖြင့်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင်(၂)နှစ်မှ(၃)နှစ်လျှင် တစ်ကြိမ်ဖြစ်ပွားမှုများပြားလေ့ရှိပါကြောင်း၊ နှစ်အလိုက်ဖြစ်ပွားမှု ကိန်းဂဏန်းများအရ(၂၀၂၅)ခုနှစ်သည် ရောဂါဖြစ်ပွားမှုများမည်ဟုတွက်ဆမိပါကြောင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုပပျောက်စေရေး သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို အရှိန် အဟုန်မြင့်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများသို့ အုပ်စုအဖွဲ့ခွဲ၍ ဇူလိုင် ၂၂ ရက်နေ့မှစ၍ တစ်ပတ်အတွင်းအဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခြင်းများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တက်ဖွဲ့ဝန်ထမ်းများ၊ သက်ဆိုင်ရာကျန်းမာရေးကော်မတီဝင်များနှင့် ကျန်းမာ ရေးဝန်ထမ်းများ၊ မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဇော်(ပြန်/ဆက်)