ပူတာအို၌ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပူတာအို ဇူလိုင်

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဒေသစိမ်းလန်းစိုပြေလာစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ် ခရိုင်/မြို့နယ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ယနေ့နံနက်(၈)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း ပတ်ဝန်းကျင်မြေကွက်လပ်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပူတာအိုတပ်နယ်မှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်၊ ခရိုင်ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာသန့်ဇင်ထွန်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးဦးတူးခေါင်တို့က ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများအား စိုက်ပျိုးမည့်ပျိုးပင်များ ဖြန့်ဝေပေးအပ်သည်။

ဆက်လက်၍ သစ်ပင်စိုက်ပျိုးပွဲတော်တက်ရောက်လာသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများစုစုပေါင်း အင်အား(၂၀၀)ကျော်တို့က ပျိုးပင်ပေါင်း(၁၅၀၀)ပင်အား စုပေါင်းတပျော်တပါး စိုက်ပျိုးနေမှုများကို ပူတာအိုတပ်နယ်မှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမယစ်ယောရှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် အမြင့်နှစ်ပေအထက်ရှိ ကျီးလန်ပျိုးပင်(၁၅၀)ပင်၊ တောင်တမာပျိုးပင်(၂၀၀)ပင်၊ လောက်ယားပျိုးပင်(၂၀၀)ပင်၊ မဟော်ဂနီပျိုးပင်(၇၈)ပင်၊ ယမနေပျိုးပင်(၇၈)ပင်၊ သစ်အယ်ပျိုးပင်(၂၉၄)ပင်၊ ရေပိတုန်းပျိုးပင်(၅၀၀)ပင် စုစုပေါင်းပျိုးပင်ပေါင်း(၁၅၀၀)ပင်ကို စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ပူတာအိုခရိုင်အနေဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို တတိယအကြိမ် စုပေါင်းစိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ဖုန်ကန်(ပူတာအို)