စစ်တွေ ဇူလိုင် ၂၅
အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကမ်းရိုးတန်းဒေသများတွင် ဒီရေတောများ ရေရှည်တည်တံ့ဖွံ့ဖြိုးစေခြင်း၊ သက်ရှိတို့အတွက် ရိက္ခာများထုတ်လုပ်ပေးခြင်းနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချပေးခြင်းတို့ကို ကမ္ဘာသူ၊ ကမ္ဘာသားများကသတိပြုစေပြီး အလေးထားပိုမိုပူးပေါင်းပါဝင် လာစေရေးအတွက် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(United Nations Education, Science and Culture Organization- UNESCO)က အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ (International Day for the Conservation of the Mangrove Ecosystem) ကို နှစ်စဉ်ဇူလိုင်လ (၂၅)ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ခဲ့ကြောင်း၊ ဒီရေတောများ ပျက်စီးမှုနှင့်အတူဆက်စပ်နေသော ဇီဝမျိုးစုံ မျိုးကွဲများ၊ ငါး၊ ပုစွန်၊ ကဏန်းများနှင့် ၎င်းတို့၏ နေရင်းဒေသများ ပြုန်းတီးလာမှုများကို စနစ်တကျထိန်းသိမ်းတည်ထောင်ရန် လိုအပ်ကြေင်း၊ ထို့ကြောင့် ပြည်သူလူထု ပိုမိုနိုးကြားသိမြင်လာစေရန်အတွက် အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ် ထိန်းသိမ်းရေးနေ့ကို (Raise Awareness of the Importance of Mangrove Ecosystem for Sustainable Conservation, Management and Uses) ဒီရေတောများ သားစဉ်မြေးဆက် ထိန်းသိမ်း အသုံးပြုနိုင်ရေး ပြည်သူလူထုအသိပညာ မြှင့်တင်ပေး ဟူသောဆောင်ပုဒ်ဖြင့် နှစ်စဉ်ကျင်းပခဲ့ကြောင်း၊ ယနေ့ခေတ် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကို တိုက်ဖျက်ရာတွင် ဒီရေတောများသည် သဘာဝဘေး အန္တရာယ်များမှ ကာကွယ်ပေးနိုင်သည့် တံတိုင်းကြီးများဖြစ်သကဲ့သို့ ကာဗွန်စုပ်ယူ သိုလှောင်ပေးထား သော ကာဗွန်သိုလှောင်ကန်ကြီးများလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ရှည်လျားလှသော ကမ်းရိုးတန်း တစ်လျှောက်တွင် ဒီရေတောများ၊ သဲသောင်ခုံတောများ၊ ပင်လယ်မြက်ခင်းများ၊ သန္တာကျောက်တန်းများ စသည့် သယံဇာတများ ပေါကြွယ်ဝသော ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များသည် နိုင်ငံ့စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုတက်ရေးအပေါ် အဓိကအခန်းကဏ္ဍမှ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ဒီရေတောများစိုက်ပျိုးထိန်းသိမ်းခြင်းသည် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ပြည်သူ လူထုကြံ့ကြံ့ခံတုံ့ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး အစီအမံများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက် လူထုအခြေပြု ဒီရေတောများ စိုက်ပျိုးခြင်း၊ ဒေသခံပြည်သူလူထုအစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ခွင့်ပြုခြင်း၊ အစိမ်းရောင်တံတိုင်းများကို လူထုပူးပေါင်းပါဝင်မှုဖြင့် တည်ထောင်ခြင်း၊ ဂေဟစနစ်အခြေပြု ဒီရေတောများ တည်ထောင်ခြင်းနှင့် သဘာဝအခြေခံ ဖြေရှင်း နည်းလမ်းများဖြင့် ဒီရေတောထူထောင်ခြင်းစသည့် နည်းလမ်းများဖြင့် ဒီရေတောဂေဟစနစ်များကို ပြန်လည် ထူထောင်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ဒီရေတောများ ထိန်းသိမ်းခြင်း၊ ဒီရေတောဂေဟစနစ်များ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းများတွင် ဒေသခံပြည်သူများက ဒီရေတောများ၏ အရေးပါပုံကို သိမြင်နားလည်ပြီး ဒီရေတောများ သားစဉ်မြေးဆက် ထိန်းသိမ်းအသုံးပြုနိုင်ရေးတွင် ပိုမိုပူးပေါင်းဆောင်ရွက်လာစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဆက်စပ်ဌာနများနှင့် ပြည်သူလူထုအားလုံးက ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် သစ်တောဦးစီးဌာ၊ ပြည်နယ်ဦးစီးမှူးက ဒီရေတောထိန်းသိမ်းရေးဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုအားပြသသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားတက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)