မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ ကိုယ်လုံပညာသင်တန်း ဖွင့်လှစ်

ခရမ်း ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ ကိုယ်လုံပညာသင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့  နေ့လယ် (၁၂)နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးငယ်များအကြမ်းဖက်ခံရခြင်း၊ အနိုင်ကျင့်ခံရခြင်းမှကင်းဝေးပြီး မိမိကိုယ်ကိုကာကွယ်ခုခံနိုင်ရန်နှင့် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ယခုလိုကိုယ်လုံပညာသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး သင်တန်းသူများအားဝတ်စုံများထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ထက်ထက်က သင်တန်းနည်းပြအား လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး သင်တန်းသူများအား အချိုရည်များတိုက်ကျွေးခဲ့သည်။

အဆိုပါ ကိုယ်လုံပညာသင်တန်းကို ဇူလိုင်လ(၂၂)ရက်မှ (၂၈)ရက်နေ့ထိ (၇)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသူ(၃၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)