ရန်ကုန် ဇူလိုင်လ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ကြက်ခြေနီအသင်းခွဲသို့ ကြက်ခြေနီလူနာတင်ယာဉ်လှူဒါန်းပွဲကို ဇူလိုင်လ (၂၀)ရက်နေ့က ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ အလှူရှင် ဦးမောင်မြင့်မိသားစု (Myanmar Agroseed Company Limited) က သုံးခွမြို့နယ် ကြက်ခြေနီအသင်းခွဲသို့ ကြက်ခြေနီလူနာတင်ယာဉ်ကို ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ရာသက်ပန်အသင်းဝင် ဂုဏ်ပြုလွှာကို ပေးအပ်ခဲ့သည်။ လှူဒါန်းပွဲသို့ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဒုတိယတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနေလင်းထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသူများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့သည်။
သုံးခွမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် အရေးပေါ် ကြက်ခြေနီလူနာတင်ယာဉ် အကူအညီလိုသူများကို နေ့စဉ်ကူညီလျက်ရှိရာ တစ်လလျှင် ပျှမ်းမျှ လူနာဦးရေ (၄၀)ဝန်းကျင်ထိ ပို့ဆောင်ကူညီပေးလျက်ရှိကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)