ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မိုးရာသီကာလတွင် ကလေးငယ်များ၌ အများဆုံးဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဇူလိုင် ၂၂ ရက်နေ့ နံနက်ပိုင်းမှစ၍ သခင်ဘသောင်းရပ်ကွက်အတွင်းရှိ၊ လူနေအိမ်များအတွင်း လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင် ဦးဆောင်၍ သူနာပြုဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ သွားရောက်၍ ရေကြည်ရေသန့်သိုလှောင်ရာ အိုး၊ ခွက်၊ ရေတိုင်ကီ၊ ကျောက်စည်များကို အဖုံးများ သေချာဖုံးအုပ်ထားရေး၊ ပိုးလောက်လန်းပါသောရေများ‌ တွေ့ပါက သွန်ပေး၍ ဆေးကြောပေးခြင်း၊ ဘုရားပန်းအိုး၊ သောက်ရေအိုးစသည့် အိုးခွက်များကို အပတ်စဉ်ရေလဲလှယ်၍ ဆေးကြောရန် အသိပညာပေးပြောကြားခြင်း၊ ပိုးလောက်လန်းများတွေ့ပါက စစ်၍ ခတ်ထုတ်ပေးခြင်းအပြင် အဘိတ်ဆေးခတ်ပေးခြင်းနှင့် ခြင်‌ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ ယခုကဲ့သို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးဆောင်၍ ရပ်ကွက်အလိုက် အလှည့်ကျအရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဝေယံ (ပြန်/ဆက်)