မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းခတ် ဇူလိုင် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသောတောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက နောင်လုံးကျေးရွာအုပ်စု၊‌ ကျိုင်းခေါင်ကျေးရွာ၊ မူလတန်းကျောင်း၌‌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းတို့က  ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ၍ ကျေးရွာနေပြည်သူများအား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ‌ ဆွေးနွေးပြောကြားရာတွင် လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့် မှုခင်းပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်နှင့် ဆိုးကျိုးများ၊‌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)အကြောင်း၊ စပါး၊ ပြောင်းများပိုးကျပါက‌ ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ စားသုံးဆီဖူလုံစေရေး နေကြာစိုက်ပျိုးကြရန်နှင့် ဘိန်းအစားထိုးသီးနှံများစိုက်ပျိုးရေး၊ သတင်းအမှားအမှန်ခွဲခြားနိုင်ရေး၊‌ တောင်ယာခုတ်ထွင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဥပဒေများအကြောင်းနှင့် ကျေးလက်မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများနှင့် မီးဘေးအန္တရာယ်ရှောင်ရန်၊ ဆောင်ရန်အချက်များကို မြန်မာဘာသာ၊ ရှမ်းတိုင်းရင်းသားဘာသာတို့ဖြင့် အသိပညာ‌ပေးဆွေးနွေး‌ဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော နောင်လုံးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ တိုင်းရင်းသားပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ တင်ပြဆွေးနွေးရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)