မင်္ဂလာဒုံ ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ စီစဉ်ကျင်းပသည့် မူးယစ်ဆေးဝါး၊ စိတ်ကြွရူးသွပ်ဆေးဝါး၊ ဆေးလိပ်နှင့် E-စီးကရက်အကြောင်း အသိပညာပေးဟောပြောဆွေးနွေးပွဲကို ဇူလိုင် ၂၂ ရက်နေ့နံနက် ၁၀ နာရီက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ဦးစွာ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှဥက္ကဋ္ဌ ဦးမြင့်သန်းက အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)မှ အလုပ်အမှုဆောင် ဒေါက်တာဆွေဆွေအောင်က မူးယစ်ဆေးဝါးအကြောင်းကိုလည်းကောင်း၊ ဗဟိုအလုပ်မှုဆောင် ဒေါ်အေးအေးအောင်က ဆေးလိပ်နှင့် E-စီးကရက်အကြောင်းကိုလည်းကောင်း၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ ဆရာဦးအောင်သီဟထွန်းက ဘဝအတွက်တာ Life Skill အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များမေးမြန်းဆွေးနွေးရာ ပြန်လည်ရှင်းလင်းဖြေကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကော်မတီမှ ကော်မတီဝင် ဆရာဦးနေဆန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ တာဝန်ရှိသူများ၊ အထက(၇)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ၃၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ တာဝန်ရှိသူများက မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မင်းသိန်းထွန်း