မိုင်းဖြတ် ဇူလိုင် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်သူများသို့ ပံ့ပိုးသည့် မျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမျိုးက နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများ၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်များကို အလေးထားဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ရာဂီမုန်တိုင်းကြောင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှုအပေါ် နိုင်ငံတော်မှ ပံ့ပိုးငွေများပေးအပ်ခဲ့သည့် အခြေအနေများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က သွင်းအားစုများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဦးထွန်းရွှေ၊ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်တို့က ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပံ့ပိုးသည့် မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် မျိုးစေ့နှင့် သွင်းအားစုများကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်တွင် မိုးစပါးစိုက်ဧကပေါင်း (၁၆၇၉၅) ရှိပြီး ဒေသခံ တောင်သူအများစုမှာ ဆင်းဧကရီ (၃) စပါးမျိုးကို အဓိကစိုက်ပျိုးကြသည့်အတွက် ဆင်းဧကရီ (၃) မျိုးစေ့ထုတ် စိုက်ခင်းဧက (၂၀) ဆောင်ရွက်ထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
မြို့နယ်(ပြန်/ဆက်)