မြစ်ကြီးနား ဇူလိုင် ၂၅
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် စံပြုချက်(SOP)များအား ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ချပြရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့်စံပြုအချက်များ (SOP)ကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ ကြီးကြပ်ရေးကော်မတီအနေဖြင့် အသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ငွေစာရင်းများနှင့် ပတ်သက်၍ လိုအပ်ပါက သက်ဆိုင်ရာကြီးကြပ်ရေးကော်မတီ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ပူးပေါင်းစစ်ဆေးမှုခံယူကာ လုပ်ငန်းတာဝန်များကိုလည်း အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အသင်းအဖွဲ့အသိအမှတ်ပြုအထောက်အထားရရှိရေးနှင့် လုပ်ငန်းလိုအပ်ချက်များရှိပါက ကြီးကြပ်ရေးကော်မတီအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်နိုင်ရေးအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း အပါအဝင် ဂျိမ်းဖော့ လာချိဒ်၊ လော်ဝေါ်၊ လီဆူ၊ ရဝမ်၊ ဇိုင်ဝါး စသည့် ကချင်မျိုးနွယ်စု(၆)မျိုးတို့နှင့် မြန်မာနိုင်ငံရှမ်းမျိုးနွယ်စုများ စာပေ/ယဉ်ကျေးမှုအသင်းအပါအဝင် တိုင်းလိုင်၊ တိုင်းခမ်းတီ၊ တိုင်းလေ၊ တိုင်းဆာ စသည့်ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာ၊ ရခိုင်၊ ကရင်၊ ချင်းစသည့် စာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များမှ တာဝန်ရှိသူများက စံပြုချက်များ (SOP)နှင့် စပ်လျဉ်း၍ သိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြည့် စွက်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)