ကော့မှူးတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟောပြော

ကော့မှူး ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင် ၂၂ ရက်နေ့ မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲအားကျင်းပခဲ့‌ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထက်မြက်သူတို့က ပြောကြားရာတွင် ကမ္ဘာအရပ်ရပ်တွင် ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်ခံစားရလျက်ရှိပြီး ထိုဘေးအန္တရာယ်များအနက် သဘာဝဘေးအန္တရာယ်မှာ အများဆုံးနှင့် ဒုက္ခအပေးဆုံးဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်တစ်ခုကျရောက်တိုင်း လူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးစေသည်သာမက နဂိုအခြေအနေသို့ ရောက်ရှိအောင် ပြန်လည်ထူထောင်ရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးပါ‌ကြောင်း ထို့ကြောင့် သဘာဝဘေးအန္တရာယ်မကျရောက်မီကပင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မလွဲမသွေပြုလုပ်ရန်လိုအပ်‌ကြောင်း၊ လူသားတို့၏ စည်းကမ်းမဲ့လုပ်ဆောင်ချက်များကြောင့် သဘာဝပတ်ဝန်းကျင်မှာ တစ်စတစ်စယိုယွင်းပျက်စီးလာသဖြင့် ရာသီဥတုသည် ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲလာပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာ‌ကြောင်းနှင့် သဘာဝဘေးအမျိုးအစားများ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းနှင့် ဆောင်ရန်ရှောင်ရန်များ၊ မုန်တိုင်းဘေး၊ ရေဘေးလေပြင်းဘေးအန္တရာယ်အတွက် ဆုံးရှုံးမှုသက်သာစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ စသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတတိုးပွားစေရန် ၊ကျောင်းတွင်းပြိုင်ပွဲများအပြင် ပြင်ပပြိုင်ပွဲများ၌လည်း ပါဝင်ယှဥ်ပြိုင် လိုစိတ်ရှိစေရန်နှင့် လူအများရှေ့တွင် အပြောစွမ်းရည် ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်များ ကျင်းပရာ ကျောင်းသား/ကျောင်းသူ (၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်သူရ