မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ရေးရာအသိပညာပေး လူငယ်စကားဝိုင်းကျင်းပ

မက်မန်း ဇူလိုင် ၂၅

ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များအား အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာစကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်ရေးရာစကားဝိုင်းတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လေးလေက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး Grade-10 မှ ကျောင်းသူလေးများဖြစ်သည့် မနန်းခမ်းအီ၊ မနန်းမွေခမ်း၊ မအီလောင်၊ မနန်းမွေဖော်၊ မနန်းဆိုင်ခမ်းတို့က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ပညာရေး ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။

မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် လစဉ်ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ နံရံကပ်စာစောင်များ၊ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အသိပညာပေး Talk Show များကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မက်မန်းခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်ပြသပေးလျက်ရှိကြောင်း သိရသည်။

အေဇက်ထွန်း(မက်မန်း)