ဇော်ဂျီမြစ်ရေလျှံတက်မှုမှ ကာကွယ်ရန် ငပြောင်ရေလွှဲဆည်အထက်ပိုင်း မြောင်းဘောင်ဝဲ/ယာ၌ ရေတားနံရံကျောက်စီခြင်းနှင့် မြစ်အတွင်းပျက်စီးနေသည့် ကျောက်ဆလံများအားပြန်လည်ပြုပြင်

ကျောက်ဆည် ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြစ်ချောင်းများရေလျှံမှုမှကာကွယ်နိုင်ရေး၊ ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများ လုံလောက်စွာပေးဝေနိုင်ရေး၊ ဆည်များ၊ မြောင်းများအား ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဇော်ဂျီမြစ်ရေလျှံတက်မှုမှ ကာကွယ်ရန်အတွက် ငပြောင်ရေလွှဲဆည်အထက်ပိုင်း မြောင်းဘောင်ဝဲ/ယာများ၌ ရေတားနံရံကျောက်စီခြင်းနှင့် ဇော်ဂျီမြစ်အတွင်း ပျက်စီးနေသည့် ကျောက်ဆလံများအား  ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်စီခြင်းလုပ်ငန်းများပြုလုပ်ပေးသွားမည့်နေရာသည် ကျောက်ဆည်မြို့နယ် သံရွာကျေးရွာအနီးမှ ငပြောင်ရေလွှဲဆည်၏ အထက်ပိုင်းမြောင်းဘောင်ဝဲ/ယာအား အရှည် (၂၉၀)ပေ၊ အကျယ်(၁)ခွဲ၊ အမြင့်(၂)ပေ ကျောက်စီခြင်းနှင့် ဇော်ဂျီမြစ်အတွင်းပျက်စီးနေသည့် ကျောက်ဆလံများပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများဖြစ်ကြောင်း၊ လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၆၃)သိန်းဖြင့် ဇော်ဂျီမြစ်တာဘောင် ကျိုးပေါက်မှုမှ ကာကွယ်နိုင်ရေးနှင့် ငပြောင်ရေလွှဲဆည် ပိုမိုကြံ့ခိုင်မှုရှိရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။  

အဆိုပါ မြောင်းဘောင်ရေတားနံရံကျောက်စီခြင်းနှင့်မြစ်အတွင်းပျက်စီးနေသည့် ကျောက်ဆလံများ ပြန်လည်ပြုပြုင်ပြီးစီးပါက ဇော်ဂျီမြစ်အထက်ပိုင်းနှင့်ငပြောင်ရေလွှဲဆည်တာဘောင်များ ပိုမိုကြံ့ခိုင်မှုရှိပြီး သီးနှံမျိုးစုံစိုက်ဧက(၂၇၀၀၆)ဧကအား စိုက်ပျိုးရေများပေးဝေရာ၌ အခက်အခဲမရှိ ရေအလေအလွင့် ဆုံးရှုံးမှုမရှိဘဲ ပြည့်ဝစွာပေးဝေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်