နေပြည်တော်‌ကောင်စီဝင် ဦးမြင့်စိုး နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေး တက်ရောက်

နေပြည်တော် ဇူလိုင် ၂၅

နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊  နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေနှင့်တာဝန်ရှိသူများ၊ ကော်မတီဝင်များ၊ နေပြည်‌တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၏လမ်းညွှန်ချက်ဖြင့် နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ရာ ကော်မတီဝင်များအနေဖြင့် သက်ကြီးရွယ်အိုများအားထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေး လုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများအနေဖြင့်လည်း တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ မြန်မာ့လူမှုအသိုက်အဝန်းတွင် “ကြီးသူကိုရိုသေ၊ ရွယ်သူကိုလေးစား၊ ငယ်သူကိုသနား” ဆိုသည့်စကားနှင့်အညီ သက်ကြီးရွယ်အိုများကိုအရိုအသေပြုကြသည့် အစဉ်အလာကောင်းများကို ရှေးယခင်ကတည်းကရှိခဲ့ပြီးဖြစ်၍ ယခုကဲ့သို့သက်ကြီးရွယ်အိုများကိုအရိုအသေပြုကြသည့် ရှိပြီးသားအစဉ်အလာများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတကာတွင် သက်ကြီးရွယ်အိုများကို စောင့်ရှောက်မှုပေးနေတဲ့နည်းစနစ်များနှင့်ပေါင်းစပ်၍ သက်ကြီးရွယ်အိုများကိုပိုမိုကောင်းမွန်ထိရောက်သောစောင့်ရှောက်မှုများပေးနိုင်ရေး စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြာင်း၊ သက်ကြီးရွယ်အိုများအတွက်အခြေခံစားဝတ်နေရေး၊ လှုပ်ရှားသွားလာရေးနှင့် မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုခံယူရေးတို့တွင် သင့်လျော်သောအထောက်အပံ့ရရှိခွင့်များကို ရရှိစေရေးဆောင်ရွက်ပေးရန်၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးအသင်းအဖွဲ့များနှင့်အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်နှင့် လူမှုအဖွဲ့အစည်းလှုပ်ရှားဆောင်ရွက်မှုများအတွင်း သက်ကြီးရွယ်အိုများပိုမိုပါဝင်ဆောင်ရွက်ခွင့်ကို နိုင်ငံတော်နှင့်အတူ ပြည်သူလူထု၊ ပုဂ္ဂလိကစသည့်အဖွဲ့အစည်းများက သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာ သက်ကြီးရွယ်အိုများအရေးကိုပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြာင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအတွင်းရေးမှူး ဒေါ်ဥမ္မာဆွေက လုပ်ငန်းဆောင်ရွက်ချက်များ၊ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ/နည်းဥပဒေများအား ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာကြသည့်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက်အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး (ပြန်/ဆက်)