စဉ့်ကိုင် ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြည်ဇော်ထိုက်တို့က ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်အချက်များအား အသိပညာပေးရှင်းလင်းဟောပြောခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ဦးဆောင်ကာ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ စဉ့်ကိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)(၃၉၉)