ပျော်ဘွယ် ဇူလိုင် ၂၅
ပျော်ဘွယ်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဇင်မြင့်က ငလျင်ဘေးအန္တရာယ်၊ လေပြင်းဘေးအန္တရာယ်၊ ရေဘေးအန္တရာယ် စသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုး အကြောင်းဆွေးနွေးပြီး ကြိုတင်ကာကွယ်ရမည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ဝေသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးအကြောင်းပါဝင်သည့် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)