မိုင်းယောင်း ဇူလိုင် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးက အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဆွေက ဝီဖာမုန်တိုင်းအရှိန်ကြောင့် မိုးထစ်ချုန်းရွာပြီးနေရာကွက်၍မိုးကြီးနိုင်မှုအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် မြို့နယ်သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဌာနဆိုင်ရာတာဝန်ရှိသူများက ဝီဖာမုန်တိုင်းအရှိန်ကြောင့် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကိုကြိုတင်သတိပြုရန် အသိပေးနှိုးဆော်ရန်နှင့်လိုအပ်သည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများစသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဆွေက မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဖြည့်စွက်ဆွေးနွေးပြီး ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း