လယ်ဝေးမြို့နယ် ပညာ့အလင်းစာကြည့်တိုက်နှင့် ပညာပန်းခင်းစာကြည့်တိုက်ဖွင့်ပွဲများ ကျင်းပ

လယ်ဝေး ဇူလိုင် ၂၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာပညာ့အလင်းစာကြည့်တိုက်နှင့် ပေါက်မြိုင်ကျေးရွာ၊ ပညာပန်းခင်းစာကြည့်တိုက်များ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တက်ရောက်ဖွင့်လှစ်သည်။

ရှေးဦးစွာ ကြောင်ရေကျေးရွာ၊ ပညာ့အလင်းစာကြည့်တိုက် အဆောက်အအုံသစ်ကို နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ ပြည်ထောင်စုနယ်မြေ၊ စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ဦးဇော်အောင်၊ ကြောင်ရေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လူ့အရင်းအမြစ်များကိုအခြေခံ၍ စနစ်တကျ ပြုစုပျိုးထောင်ရမည်ဖြစ်ပြီး တာဝန်ရှိသူအားလုံးက လူငယ်၊ လူရွယ်များအား အဓိကပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေရန်၊ စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန်၊ မိမိတို့နိုင်ငံ၏ နေထိုင်မှုပုံစံအနေဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူဦးရေမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် ရှိသည့်အတွက် ယခုလို ကျေးရွာများအရောက် စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်း၊ ရှိနှင့်ပြီးသားကျေးရွာစာကြည့်တိုက်များအား ပြန်လည်ပြင်ဆင်ပေးခြင်း၊ စာအုပ်စာစောင်များ ဖြည့်ဆည်းပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ “နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ”အနေဖြင့်လည်း ဗဟိုကချမှတ်ထားသည့် လုပ်ငန်းစဉ်(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းမှ အသိပညာဗဟုသုတများစွာရရှိနိုင်သဖြင့် ကျေးလက်နေပြည်သူများအနေဖြင့်လည်း စာအုပ်စာပေကို မြတ်နိုးပြီးတန်ဖိုးထား ဖတ်ရှုကြရန် လိုအပ်ပါကြောင်း၊ စာအုပ်စာပေလေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက်မဟုတ်ဘဲ ဖတ်သမျှကို မှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အမှား၊ အမှန်ကို ဝေဖန်သုံးသပ်နိုင်ကာ အသိပညာဗဟုသုတကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမြင့်စိုးက စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရထံ လွှဲပြောင်းပေးအပ်ပြီး နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက အလှူငွေများ၊ စာအုပ်စာစောင်များ၊ MRTV DTH စလောင်းနှင့် MRTV DVB- T2 Set Top Box တစ်စုံနှင့် အထောက်အကူပြုအဖွဲ့များအတွက် ဂုဏ်ပြုဆုငွေများကိုလည်း ပေးအပ်ခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက ပညာ့အလင်းစာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုအားပေးကာ စာကြည့်တိုက်တွင် အသုံးပြုရန် ဆိုလာမီးအိမ်နှင့် ကျောင်းသားကျောင်းသူများအတွက် ဆိုလာမီးလုံးများ ပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာ၊ ပညာပန်းခင်းစာကြည့်တိုက် အဆောက်အအုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အလှူငွေ၊ စာအုပ်စာစောင်နှင့် MRTV DTH စလောင်းနှင့် Set Top Box တစ်စုံ၊ ဆိုလာမီးအိမ်နှင့် ဆိုလာမီးလုံးများအား ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာ စက်၊ စိုက်၊ မွေးကျောင်းမှ ကျောင်းသားများနေထိုင်ရန် အိပ်ဆောင်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအား မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ကော်မတီအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ (၃၀) ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ အခန်း (၄)၊ ဥပဒေပုဒ်မ (၉)၊ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်၏ သက်ကြီးရွယ်အိုများ ထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေးဆိုင်ရာ စီမံကိန်းကို မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ထိုစီမံကိန်းကို စောင့်ကြည့်ကွပ်ကဲနိုင်ရန်အလို့ငှာ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအခန်း(၄)၊ ပုဒ်မ (၉၀) (က)အရ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့သည် ခရိုင်နှင့်မြို့နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီများ ဖွဲ့စည်းပေးရမည်ဟု ဖော်ပြထားသောကြောင့် ခရိုင်နှင့် မြို့နယ်အဆင့် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုများအတွက် အခြေခံစားဝတ်နေရေး၊ လှုပ်ရှားသွားလာရေးနှင့် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုခံယူရေးတို့တွင် သင့်လျော်သော အထောက်အပံ့ရရှိစေရေး ဆောင်ရွက်ပေးရန်နှင့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးအသင်းအဖွဲ့များနှင့် အစည်းအရုံးများဖွဲ့စည်းဆောင်ရွက်ခွင့်နှင့် လူမှုအဖွဲ့အစည်းများ လှုပ်ရှားဆောင်ရွက်မှုများတွင် သက်ကြီးရွယ်အိုများကို ပါဝင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထု၊ ပုဂ္ဂလိကစသည့်အဖွဲ့အစည်းများက သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာ သက်ကြီးရွယ်အိုများအရေးကို ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာသည်နှင့်အမျှ ကော်မတီ၏ လုပ်ငန်းတာဝန်များသည်လည်း များပြားလာမည်ဖြစ်ကြောင်း နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာ အဖွဲ့ဝင်များအားလုံးက သက်ကြီးရွယ်အိုများအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်၊ အလှူရှင်များဖြင့် ဝိုင်းဝန်းစောင့်ရှောက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နေပြည်တော် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအတွင်းရေးမှူး၊ နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေက သက်ကြီးရွယ်အိုများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များ၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ/နည်းဥပဒေများအား  ရှင်းလင်း တင်ပြခြင်း၊ တက်ရောက်လာသည့် ကော်မတီဝင်များကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)