နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ သဘာဝဘေး ရှာဖွေကယ်ဆယ်ရေး စုဖွဲ့ပြင်ဆင်ထားရှိမှုနှင့် ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ရာဇဌာနီလမ်းမကြီးနှင့် ရာဇသိင်္ဂဟလမ်းမကြီးများသို့ သွားရောက်၍ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်း(AC) ခင်းကျင်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ ရာသီဥတုကောင်းမွန်ချိန်တွင် လူအင်အား၊ စက်ယန္တရားအင်းအား တိုးမြှင့်ပြီး အင်တိုက်အားတိုက်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ဗဟိုမီးသတ်စခန်းသို့သွားရောက်ပြီး သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအတွက် တပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိမှု၊ စက်၊ ယာဉ်၊ ယန္တရားပစ္စည်းများ အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ လက်တွေ့သရုပ်ပြကိုင်တွယ် အသုံးပြုဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် ဗဟိုမီးသတ်စခန်းတွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦအား စက်ယန္တရားဖြင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သော နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းကို တက်ရောက်သည်။

ဦးစွာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ နေပြည်တော်အတွင်း ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ရှာဖွေကူညီကယ်ဆယ်ရေးအတွက် သက်ဆိုင်ရာသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ ကြိုတင်စုဖွဲ့ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို အမြဲမပြတ် ဆောင်ရွက်ရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်မည့် ကယ်ဆယ်ရေးစက်ပစ္စည်းများ၊ ယာဉ်၊ ယန္တရားများကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်စေရေးအတွက် လေ့ကျင့်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များတွင် ကယ်ဆယ်ကူညီဆောက်ရွက်ခဲ့သည့် အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး အကောင်းဆုံးပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)