ကျိုက်ထို ဇူလိုင် ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာတွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး သစ်ပင်များလဲပြိုမှုကြောင့် လူနေအိမ်(၉)လုံး အမိုးများလန်ခြင်း၊ ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်ပြီး သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းကြောင့် မလော့ချောင်ကျေးရွာရှိ လူနေအိမ် (၉)လုံး မှာ အမိုးသွပ်များလန်ထွက်ခြင်း၊ သွပ်တန်းများပျက်စီးခြင်း၊ တဲအိမ်ငယ်များ တိမ်းစောင်းပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ အချိန်နှင့်တစ်ပြေးညီ ပျက်စီးမှုများဖယ်ရှားရှင်းလင်းခြင်း၊ ထိခိုက်မှုများစစ်ဆေးခြင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဖြစ်စဉ်တွင် လူနေအိမ်(၉)လုံး ထိခိုက်ပျက်စီးခဲ့ပြီး လူ၊ တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)