ကျိုက်ထို ဇူလိုင် ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့မွန်းလွဲ ၂ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေးပြင်းတိုက်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရင်ပြင်တော်အနီး နတ်တောင်ပေါ် ဂြိုလ်တိုင်ပေါ်ရှိ စေတီငယ်တစ်ဆူသည် ဂြိုလ်တိုင်အမြင့်(၂၀)ပေခန့်ရှိ တိုင်ပေါ်မှ ပြိုကျမြေခခဲ့ကြောင်းနှင့် အလားတူ ရင်ပြင်တော်ပေါ် သီဟဆောင်ရှိ မျက်နှာချပ်သည် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခြင်း၊ ဧည့်ခန်း(၁) မျက်နှာချပ်များ ကွာကြခြင်းများဖြစ်ပွားခဲ့ပြီး ဘုရားခန်းနှင့် ဧည့်ခန်း(၁)တွင် မိုးရေများယိုစိမ့်ခဲ့ကြောင်း သိရှိရသည်။
လေပြင်းတိုက်ခတ်၍ ပျက်စီးပြိုကျသွားသော နတ်တောင်ဂြိုလ်တိုင်စေတီငယ်နှင့် သီဟဆောင်ရှိ မျက်နှာချပ်များအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်၊ ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ခေါင်းဆောင် ဦးစိုးလှနှင့် ဂေါပကအဖွဲ့ဝင်များမှ အမြန်ဆုံးပြန်လည်ပြုပြင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)