ကျိုင်းတုံ ဇူလိုင် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ငွေကြေးဆိုင်ရာလိမ်လည်မှုဖြစ်စဉ်များအပေါ် သတိပြုဆင်ခြင်နိုင်ရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအားဗျေ့ (ခ)ဦးအေးမောင်က Social Media Website Application များ စသည့်နည်းပညာများအသုံးပြု၍ အုပ်စုဖွဲ့ငွေကြေးလိမ်လည်မှုဖြစ်စဉ်များအကြောင်း၊ ငွေကြေးဆိုင်ရာလိမ်လည်မှုဖြစ်စဉ်များနှင့်ပတ်သတ်၍ သက်ဆိုင်တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်မြန်ဆန်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် သိရှိရှောင်ရှားနိုင်ရန်နှင့် သတိပြုဆင်ခြင်နိုင်ရန် စသည့်အကြောင်းအရာများကို အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ သင်တန်းသူနှင့် နည်းပြဆရာမများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)