ဒလမြို့နယ် ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ဒလ  ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန(ဟာမိုနီကိုယ်ပိုင်အထက်တန်း ကျောင်း)တို့ပူးပေါင်း၍  ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍  စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်(၉:၃၀) အချိန်က ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဦးစီးအရာရှိဒေါ်သီတာဝင်းက ကျပန်းစကားပြောပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲအမှတ်‌ပေးစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကိုစတင်ခဲ့ရာ  ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၈)ဦးတို့က အစဉ်ရှေးရှုမြန်မာ့ယဉ်ကျေးမှု၊ အားကစားဖြင့်နိုင်ငံ့ဂုဏ်ကို မြှင့်တင်စို့၊ မူးယစ်ရန်စွယ်တို့ကာကွယ်၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ စာပေမြင့်မှလူမျိုးတင့်မည်၊ ချစ်မြတ်နိုးစရာမြန်မာ့အနုပညာ စသည့်ခေါင်းစဉ်(၆)ခုကိုမဲနှိုက်ပြီး  ကျရာခေါင်းစဉ်ဖြင့်ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲတွင် မြို့နယ်စာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်း၊  မြို့နယ်စီမံကိန်း ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဒေါ်ခိုင်ခိုင်မော်၊ မြို့နယ်စာရင်းစစ်ရုံးမှ မြို့နယ်ဦးစီးမှူးဒေါ်ချိုချိုသင်း၊ ကျောင်းဆရာမ(ငြိမ်း) ဒေါ်လှလှရီတို့က ဆုရွေးချယ်ရေးဒိုင်အဖြစ်ဆောင်ရွက်ခဲ့ကြပြီး ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများမှ လုလင်ငယ်သွေး၊ အနာဂတ်လူရည်မွန်တေးသီချင်းများဖြင့် သီဆိုဖျော် ဖြေခဲ့ကြသည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်း စကားပြောပြိုင်ပွဲတွင်  ပထမဆု ကို  Grade-11မှ မောင်သီဟထွန်း၊   ဒုတိယဆုကို   Grade-11 မှ မောင်ညိုလင်းခန့် ၊  တတိယဆုကို Grade-11 မှ မအိမ့်မှူးခင်၊  အထူးဆု(၁)ကို Grade- 11 မှ မောင်ရဲမင်းစည်သူ ၊  အထူးဆု(၂)ကို Grade- 11 မှ မယွန်းနဒီဇော် ၊ အထူးဆု(၃)ကို Grade-11 မှ မနေခြည်ရှင်းသန့်ကို၊ အထူးဆု(၄)ကို  Grade-12 မှမောင်လွင်ထူးခန့်နှင့် အထူးဆု(၅)ကို   Grade-12မှ မထက်ထက်ကျော်တို့မှ ဆုများအသီးသီးရရှိခဲ့ကြသည်။ အဆိုပါ ဂုဏ်ပြုဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဟာမိုနီကိုယ်ပိုင်အထက်တန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဘုန်းကြွယ်ဇံမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာကြသောဧည့်သည်တော်များနှင့် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများက စုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်၊  မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၃၀၀)ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်၊ စာစောင်များနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသော ကျောင်း သား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)