ဆိပ်ကြီးခနောင်တို ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မိုးရာသီကာလတွင် ကလေးငယ်များ၌အများဆုံးဖြစ်ပွားတတ်သည့် သွေး လွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းမှစ၍ သခင်ဘသောင်းရပ်ကွက်အတွင်းရှိ၊ လူနေအိမ်များအတွင်း လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင်ဦးဆောင်၍ သူနာပြုဆရာမများ၊ ကျန်း မာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက သက်ဆိုင်ရာရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့သွားရောက်၍ ရေ ကြည်ရေသန့်သိုလှောင်ရာ အိုး၊ ခွက်၊ ရေတိုင်ကီ၊ ကျောက်စည်များကို အဖုံးများ သေချာဖုံးအုပ်ထားရေး၊ ပိုးလောက်လန်း ပါသောရေများတွေ့ပါကသွန်ပေး၍ ဆေးကြောပေးခြင်း၊ ဘုရားပန်းအိုး၊ သောက်ရေအိုးစသည့် အိုးခွက်များကို အပတ်စဉ်ရေလဲလှယ်၍ ဆေးကြောရန်အသိပညာပေးပြောကြားခြင်း၊ ပိုးလောက်လန်းများတွေ့ပါကစစ်၍ ခတ်ထုတ်ပေးခြင်းအပြင် အဘိတ်ဆေးခတ်ပေးခြင်းနှင့် ခြင်ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ ယခုကဲ့သို့သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ ရပ်ကွက်အလိုက်အလှည့်ကျအရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။
ဝေယံ(ပြန်/ဆက်)