ကော့မှူး ဇူလိုင် ၂၄
ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဇူလိုင် ၂၁ ရက်နေ့ ညနေ ၄ နာရီ ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အဖျောက်ကျေးရွာ အခြေခံမူလတန်းကျောင်း၌ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းဌေးဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ အဖျောက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များပူးပေါင်း၍ မိုးရာသီတွင်ပိုးလောက်လန်းမှတစ် ဆင့် ခြင်ပေါက်ဖွားမှုများပြားနိုင်သဖြင့် ရေတင်ကျန်နိုင်သောဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ပန်းအိုးများကို ဖုံး ၊သွန် ၊လဲ ၊ စစ်လုပ်ငန်းများဆောင်ရွက်ပြီး ခြင်ကြောင့်ဖြစ်ပွားနိုင်သောသွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေးစေရန်၊ ရေသိုလှောင်ကန်များ၊ ရေတိုင်ကီနှင့်ကျောက်စီပိုင်းများအား အဘိတ်(Abate) ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)