သုံးခွမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

သုံးခွ ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မိုးဦးရာသီ၌အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ဇူလိုင်လ ၂၁ ရက်နေ့နံနက် ၈ နာရီအချိန်က အမှတ် ၃ရပ်ကွက်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းထွန်းဦးက မိုးဦးကာလတွင်သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး၊ ရောဂါကာကွယ် ထိန်း ချုပ်မှုလုပ်ငန်းများအောင်မြင်စေရေးအတွက် ပြည်သူများကိုယ်တိုင်မိမိတို့နေအိမ်နှင့်ပတ်ဝန်းကျင်တွင် ခြင်ပေါက်ဖွားမှုမရှိစေရေး၊ ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရပ်ကွက်နေပြည်သူများ၏နေအိမ်များရှိ သောက်သုံးရေကန်များ၊ ရေစည်၊ ရေအိုးများအား အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ခြင်ပေါက်ဖွားမှုမရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)