မြစ်သား ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန် ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ (၁၀) တန်းသွား မျိုးစေ့ချစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က မြစ်သားမြို့နယ် သပြေတောင်းကျေးရွာအုပ်စု၊ ခတက္ကုန်းကျေးရွာ ကွင်းအမှတ် (၅၃၃)၊ ဦးပိုင်အမှတ် (င) (၃၄)ရှိ ဒေသခံတောင်သူ ဦးဌေးကြိုင်၏ လယ်မြေ (၆) ဧကတွင် ဧရာပဒေသာစပါးမျိုး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရားကိုင်ထန်းက (၁၀) တန်းသွားမျိုးစေ့ချစက်အသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများ၊ စက်မှုပိုင်းဆိုင်ရာ အချက်အလက်များနှင့် စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့်အချက်များကို တောင်သူများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ (၁၀)တန်းသွား မျိုးစေ့ချစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းရေးအဖွဲ့ဝင်များ၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၀) အုပ်စုမှ ဒေသခံတောင်သူ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)