စစ်တွေ ဇူလိုင် ၂၄
သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုဖွင့်လှစ်သော သင်တန်းသည် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အောက်ရှိ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီက ကြီးမှူးကျင်းပသော သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့် ပုံစံရှင်းလင်းခြင်းသင်တန်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာခဲ့ပါက ကနဦးအချက်အလက်များရရှိရန် လိုအပ်သည့်အတွက် စာရင်းအချက်အလက်များကို မှန်မှန်နှင့်မြန်မြန်သိရှိနိုင်ရန်လိုကြောင်း၊ ထိုကဲ့သို့ရရှိရန် စာရင်းပြုစုသူများက စနစ်တကျနှင့် မှန်ကန်စွာဖြည့်သွင်းထားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးက ပျက်စီးဆုံးရှုံးမှု စာရင်းများ ပြုစုမည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် စနစ်တကျနှင့် မှန်ကန်စွာဖြည့်သွင်းနိုင်ရန် စာရင်းကောက်ယူမှုပုံစံကို ရှင်းလင်းစွာ နားလည်ထားရန်လိုအပ်သည့်အတွက်ကောင့် ယနေ့သင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ကနဦးသိရှိရမည်ဆိုလျှင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ စာရင်းအချက်အလက်များပံ့ပို့ပေးနိုင်မှ သာလျှင် စီမံကိန်းလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုပို့ချပေးမည့် မေးခွန်းလွှာပုံစံသည် ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းနှင့် ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရာဂီရေဘေးစသော ဘေးအန္တရာယ်ဖြစ်ပွားမှုများက အတွေ့အကြုံများကို အခြေခံပြီး အားနည်းချက်၊ လိုအပ်ချက်များကို ပြန်လည်သုံးသပ်ကာ ပြည့်စုံအောင်ပြုစုထားသည့် မွေးခွန်းလွှာပုံစံဖြစ်ကြောင်း၊ သင်တန်းတက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ အရာထမ်းများအနေဖြင့် ယခုပို့ချမည့် စာရင်းကောက်ပုံစံကို မိမိဌာနတွင် ပြန်လည်ပြီး ဆင့်ပွားသင်တန်းပေးထားရန် လိုအပ်မည်ဖြစ်သကဲ့သို့ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရလျင် ပျက်စီးဆုံးရှုံးမှုစာရင်းများ ပြုစုရပါက ဝန်ထမ်းအားလုံးက မိမိတို့ဆိုင်ရာ အပိုင်းအလိုက် တက်ညီ လက်ညီပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြသည့် ဌာနဆိုင်ရာများမှ အရာထမ်းများ အနေဖြင့် ရှင်းလင်းပိုးချမည့် မေးခွန်လွှာပုံစံကို နားလည်သဘောပေါက်အောင် ဂရုတစိုက်နားထောင်ပြီး ပြန်လည်ဆွေးနွေးပေးကြစေလိုကြောင်း၊ သို့မှသာ သဘာဝဘေး ပေါ်ပေါက်လာခဲ့လျင် ကနဦးပျက်စီးဆုံးရှုံးမှုစာရင်းများကို အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန်ရရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွက် အထောက်အပံ့ဖြစ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ် ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ပြည်နယ်တာဝန်ခံ ဒေါ်ဆွေဆွေတိုးက စာရင်းကောက်ယူမှုပုံစံတွင် ပါဝင်သည့် အပိုင်းများအား ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် ဌာနများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပို့ချပေးသည်။
ဆက်လက်၍ ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးနှင့် ဒေါ်ယဉ်မင်းထွန်းတို့က သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံများအား ရှင်းလင်းပို့ချကြရာ သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)