ညောင်ရွှေ ဇူလိုင် ၂၄
၂၀၂၅-ခုနှစ် မတ်လ(၂၈)ရက်နေ့က အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်ကြီးနှင့် ဒေသစာရီကြွချီပူဇော်ခံရာဌာနအချို့ ထိခိုက်ပျက်စီးခဲ့ရပြီး ယခုနှစ်ဒေသစာရီကြွချီပူဇော်ခံပွဲတော်ကာလအမီ ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီထောက်ပံ့မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှု၊ စေတနာရှင်အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုများဖြင့် ကျွမ်းကျင်ပညာရှင်ကြီးများ၊ စက်ယန္တယားကြီးများဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများကလည်း လုပ်အားဒါနပါဝင်ကုသိုလ်ယူ၍ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ ဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော် မြောက်ဘက်မုခ်စောင်းတန်း၊ အရှေ့ဖက်မုခ်လှေခါး၊ တောင်ဘက်မုခ်လှေခါး၊ အနောက်ဘက်မုခ်လှေခါး၊ ရင်ပြင်တော်ကျောက်ပြားခင်းခြင်းလုပ်ငန်းများ၊ ဒေသစာရီကြွချီပူဇော်ခံရာတွင်အသုံးပြုသည့် ကရဝိတ်ဖောင်တော်နှင့် ဖောင်တော်ထားရှိရာ အဆောင်ပြုပြင်ခြင်းလုပ်ငန်းများကို ကျွမ်းကျင်ပညာရှင်ကြီးများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ လုပ်အားဒါနတို့ဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ပြီး ဘုရားဖူးလာပြည်သူများလည်း လာရောက်ဖူးမြော်ကြည်ညိုနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံရာဌာနများဖြစ်သည့် ဟဲယာရွာမဌာန၊ ငါးဖယ်ချောင်းဌာန၊ ကြေးစားကုန်းဌာန၊ လင်းကင်းဌာန၊ သလဲဦးအင်းဌာန၊ ကေလာဌာန၊ ဇရပ်ကြီးဌာန၊ အလိုတော်ပေါက်ဌာန၊ နန်းပန်ဌာနတို့ ပြန်လည်ပြုပြင်မွမ်းမံမှုလုပ်ငန်းများကိုလည်း အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ