မြစ်သားမြို့နယ်တွင် သဘာ၀ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအားကြည့်ရှုစစ်ဆေး

မြစ်သား ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များသည် ယ​မန်နေ့မွန်းလွဲပိုင်းကမြို့နယ်မီးသတ်စခန်းတွင် ဝီဖာမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်မှုများ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ကြိုတင် ပြင်ဆင်‌ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 မီးသတ်တပ်ဖွဲ့ဝင်များ ကြိုတင်ပြင်ဆင်‌ဆောင်ရွက်ထားသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို ကြည့်ရှုစစ်ဆေးရာတွင် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များက မီးသတ်စခန်းရှိ တပ်ဖွဲ့၀င်များအား စစ်ဆေးပြီး တန်းစီ၊ လူစစ်၊ နိုင်ငံတော်အလံလေးပြု၊ သစ္စာဆို၊ ဝတ်စားဆင်ယင်မှုစစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးလုပ်ငန်းများအား အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရန်၊ ရည်မှန်းချက်တာဝန်ကြီး (၄) ရပ်ကို ကျေပွန်အောင်ဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။ ဆက်လက်၍ ဝီဖာမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်မှုများကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လျှင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် လူ/ ယာဥ်/ စက်၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်း ကိရိယာများအသင့်စုဖွဲ့ထားရှိမှုအား စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)