မြောက်ဥက္ကလာပ ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အလုပ်သမား၀န်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ဇူလိုင် ၁၉ ရက် နေ့ နံနက် ၉ နာရီ အချိန် စက်မှုဇုန်များတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲများကို အမှတ်(၅)ရန်ကုန်၊ အင်းစိန်လမ်း၊ (၁၆)ရပ်ကွက်၊ လှိုင်မြို့နယ်ရှိ မိုးသောက်ရေသန့်စက်ရုံ၊ အမှတ်(၁၈/၅/အေ) အင်း၀လမ်း၊ ရွှေပေါက္ကံစက်မှုဇုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ Myanmar Xiang He အထည်ချုပ်စက်ရုံ၊ အမှတ်(၁၈/၆/က)၊ အင်း၀လမ်းရွှေပေါက္ကံစက်မှုဇုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ Yangon Global star Co.,Ltd အထည်စက်ရုံနှင့် အမှတ်(၁၈/၂၁၂)၊ ကနောင်မင်းသားကြီးလမ်း၊ ရွှေပေါက္ကံစက်မှုဇုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ သမီးတော်စွမ်းအား အထည်ချုပ်စက်ရုံများရှိ အလုပ်သမားများအား အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များကိုသိရှိနားလည်ပြီး၊ လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းစေရေးနှင့် ကျန်းမာရေးဆိုင်ရာအသိအမြင်များ တိုးတက်လာစေရန်ရည်ရွယ်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန မရမ်းကုန်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြိုင်မြိုင်သိန်းနှင့် ဦးစီးအရာရှိ(အလုပ်ရုံစစ်ဆေးရေး) ဦးချိုမင်းသွင်တို့မှ ဦးစီးဌာနကစည်းကြပ်လျက်ရှိသည့် အလုပ်သမားဥပဒေများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အလုပ်သမား(၁၀၀)ဦးအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)