ခရမ်း ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်နေ့ နေ့လယ် ၂ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီးဒေါက်တာခင်မောင်ရင်က သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကိုဆွေး နွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရင်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှု ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခရမ်း (ပြန်/ဆက်)