ငလျင်ဘေးအန္တရာယ်ဆိုင်ရာလက်တွေ့ဇာတ်တိုက် လေ့ကျင့်သရုပ်ပြသခြင်း ဆောင်ရွက်

မန္တလေး  ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကကြီးမှူး၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်တွေ့ဇာတ်တိုက်၊ လေ့ကျင့်သရုပ်ပြသခြင်း အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း (မန္တလေး)၌ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း (မန္တလေး)၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာမွန်ဦးနှင့်ဝန်ထမ်းများ၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်သူဇာအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးပြည်သူ့ဦးစီးဌာနမှူး ဒေါက်တာ သန့်ဇင်လင်းနှင့် ကျန်းမာရေးဆရာမများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေကိုကိုပိုင်နှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ကျောင်းသူများစုစုပေါင်း ၃၅၀ ဦး ပါဝင်ပူးပေါင်းဆောင်ရွက်ကြသည်။

အဆိုပါ ငလျင်အန္တရာယ်ဆိုင်ရာဇာတ်တိုက်လေ့ကျင့်ခြင်းတွင် ငလျင်လှုပ်ခတ်ကြောင်း အချက်ပြဥဩသံပေးခြင်း၊ အချက်ပြဥဩသံကြားသည့်အခါ ဆရာမများ၊ ကျောင်းသူများက အခန်းများအတွင်း အကာအကွယ်ပစ္စည်းများကို အသုံးပြု၍ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး၊ ဝပ်/ကာ/ကိုင်နည်းလမ်းဖြင့် တုံ့ပြန်ဆောင်ရွက်ခြင်း၊ ငလျင်လှုပ်ခတ်မှု ပြီးဆုံးကြောင်း အချက်ပေးသံကြားသည်နှင့်ဆရာမများ၊ ဝန်ထမ်းများ၊ကျောင်းသူများက အခန်းများအတွင်းမှ ဘေးလွတ်ရာနေရာသို့ သတ်မှတ်ထားသောလမ်းကြောင်းများမှ သွားခြင်း၊ ဘေးလွတ်ရာနေရာတွင် ဆရာမများ၊ ဝန်ထမ်းများက ကျောင်းသူများ ပျောက်ဆုံးမှုရှိ/မရှိ စစ်ဆေး၍ ပျောက်ဆုံးသူများရှိသဖြင့် မီးသတ်ဦးစီးသို့ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နိုင်ရေး အကြောင်းကြားခြင်း၊ မီးသတ်ဦးစီးဌာနက ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးသုံး ကိရိယာများအသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ရှေးဦးသူနာပြုစုခြင်းနှင့် လူနာတင်ယာဉ်အသူံးပြု၍ အရေးပေါ်ကုသရေးနေရာသို့ ပို့ဆောင်ပေးခြင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့အား လေ့ကျင့်၊ သရုပ်ပြဆောင်ရွက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း