ပေါင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပေါင် ဇူလိုင် ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၂ ရက် နံနက် (၁၁)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်း‌အောင်က မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းပြုလုပ်ခြင်းကို ဆရာ၊ ဆရာမများ တက်ရောက်ရာတွင် လွယ်ကူစေရန်အတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် သင်တန်းသား၊ သင်တန်းသူများအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းများအား တတ်သိနားလည်အောင် ပို့ချပေးရန်လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင် အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များစစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ မဲရုံတွင် မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် မဲပေးစက်များ ကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ရန်အခြေအနေ၊ မဲရေတွက်ခြင်း၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆန္ဒမဲဖြတ်ပိုင်းများ ရေတွက်ရမည့်အခြေအနေ စသည့် အကြောင်းအရာများကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ယနေ့ ဇူလိုင်လ ၂၄ ရက်မှ ဇူလိုင်လ ၂၇ ရက်နေ့အထိ ပေါင်မြို့နယ်အတွင်းရှိ ကဒါရပ်ကွက် သာသနာ့ဗိမာန်၌ ဖွင့်လှစ်၍ မဲရုံတွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ စုစုပေါင်း (၆၅၇) ဦးအား သင်တန်းဆရာ (၈)ဦးဖြင့် ခေတ်မီနည်းဖြင့် သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)