သထုံ ဇူလိုင် ၂၃
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာမြင့်မားရေး သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၂ ရက်နေ့နံနက် (၁၀) နာရီအချိန်ခန့်က အ.ထ.က(၂)သထုံကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းသီတာက နှစ်စဉ်မြန်မာနိုင်ငံအတွင်း အဖြစ်များသည့် သဘာဝဘေး(၉)မျိုးနှင့်ဖြစ်ပွားပုံများ၊ မုန်တိုင်းဘေးဖြစ်ပွားတတ်သည့်ကာလ၊ မုန်တိုင်းသတိပေးချက် အဝါ၊ လိမ္မော်၊ အနီ၊ အညို၊ အစိမ်းအရောင် ငါးမျိုးတို့အလိုက် မုန်တိုင်းဖြစ်စဉ်များ၊ သတိပြုရမည့်အခြေအနေများ၊ ငလျင်ဘေးဖြစ်ပွားမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး သတိပြုလိုက်နာရမည့်အချက်များ စသည်တို့ကို ရှင်းလင်းဟောပြောရာ ကျောင်းသား၊ ကျောင်းသူတို့က သိလိုသည်တို့ကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(သထုံ)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)