ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၃၂) တွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပဆောင်ရွက်

ပြည်ကြီးတံခွန် ဇူလှိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က (၃၂) ကျောင်း ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က လူငယ်ရေးရာဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပဆောင်ရွက်ခဲ့သည်။

‌အဆိုပါ ဟောပြောပွဲတွင် လူငယ်၊လူရွယ်များ အသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊ ညဏ်ရည်ညဏ်သွေး ထက်မြက်နေစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှိုင်ဝင်းသန်းက အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ရန်၊ အမှိုက်စွန့်ပစ်ရာတွင် အမှိုက်စို၊အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိသောအမှိုက်များကို ခွဲခြား၍ စနစ်တကျ စွန့်ပစ်တတ်စေရန်၊ အမှိုက်များ စနစ်တကျမစွန့်ပစ်ပါက ဖြစ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ ဘေးထွက်ဆိုးကျိုးဆိုင်ရာများများကို မှာကြားရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က လူငယ်လူရွယ်များ စာများများဖတ်ရန်၊ အားလပ်ချိန်များတွင် စဉ်ဆက်မပြတ် စာပေဗဟုသုတများကို ဖတ်ရှု့လေ့လာရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့် စာပေအကျိုးကျေးဇူးအကြောင်းအရာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်းများ ဌားရမ်းဖတ်ရှု့လေ့လာနိုင်ပါကြောင်း မှာကြားဟောပြောခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများကလည်း အသီးသီးမေမြန်းဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကိုလည်း စိတ်ဝင်တစားဖတ်ရှု့လေ့လာခဲ့ပြီး ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်