ပြည်ကြီးတံခွန် ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်း-၁ တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက လူငယ်ရေးရာ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် လူငယ်၊လူရွယ်များ အသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊ ညဏ်ရည် ညဏ်သွေး ထက်မြက်နေစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဦးလှိုင်ဝင်းသန်းက အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်ဖို့ရန်၊ အမှိုက်စွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိသော အမှိုက်များကို ခွဲခြား၍ စနစ်တကျ စွန့်ပစ်တတ်စေရန်၊ အမှိုက်များ စနစ်တကျမစွန့်ပစ်ပါက ဖြစ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ၊ ဘေးထွက်ဆိုးကျိုးဆိုင်ရာများများကို မှာကြားရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က လူငယ်လူရွယ်များ စာများများဖတ်ဖို့ရန်၊ အားလပ်ချိန် များတွင် စဉ်ဆက်မပြတ် စာပေဗဟုသုတများကို ဖတ်ရှုလေ့လာဖို့ရန်၊ စာပေဖတ်ရှုလေ့လာ ခြင်းဖြင့်ရရှိလာမည့် စာပေအကျိုးကျေးဇူးအကြောင်းအရာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြည်သူ့စာ ကြည့်တိုက်တွင် စာအုပ်စာစောင်းများ ငှားရမ်းဖတ်ရှု လေ့လာနိုင်ပါကြောင်း မှာကြားဟောပြောခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကလည်း အသီးသီး မေမြန်းဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကိုလည်း စိတ်ဝင်တစားဖတ်ရှုလေ့လာခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်