ပေါင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပေါင် ဇူလိုင် ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်နေ့နံနက် (၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထင်လင်းအောင်က  မြို့နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဇာတ်တိုက်လေ့ကျင့်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက အရေးကြီးလုပ်ဆောင်ဖို့လိုအပ်ပါကြောင်း၊ သဘဝဘေးအန္တရာယ်မဖြစ်ပေါ်အောင် နွေရာသီက ချောင်၊ မြောင်များ ၊ ရေလွှဲတံခါးများအား စနစ်တကျပြုပြင်ဆောင်ရွက်ထားပါကြောင်း၊ ပေါင်မြို့နယ်အနေဖြင့် ကမ်းရိုးတန်းများ မိုင်(၂၀)ကျော်ခန့်ရှိသည့်အတွက် သဘာဝဘေးအန္တရာယ်များ အချိန်အခါမရွေးဖြစ်ပွားနိုင်သည့်အတွက် အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားစေလိုကြောင်း၊ မြေပြိုနိုင်သည့်ဇင်းကျိုက်၊ ကျွဲခြံ၊ မလတ်တောင် စသည့်နေရာများအား အချိန်ပြည့်စောင့်ကြည့်ဖို့လိုအပ်ပါကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဖွင့်လှစ်မည့်နေရာများ သတ်မှတ်ပေးထားပါရန်  မှာကြားဆွေးနွေးခဲ့သည်။

ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နှင်းထက်ထက်ဟန်က ဇာတ်တိုက်လေ့ကျင့်ရေးလုပ်ငန်းများ အချိန်မီဆောင် ရွက်သွားမည် ဖြစ်ကြောင်း၊မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ‌ဦးမြတ်ကိုကိုက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုအသင့်ထားရှိထားပါကြောင်း၊ ဆက်လက်၍ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များက မိမိတို့လုပ်ဆောင်ရမည့်လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထင်လင်းအောင်က လိုအပ်သည်များ ဖြည့်ဆည်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)