လယ်ဝေးမြို့နယ်၌ ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေးနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တွေ့ဆုံဆွေးနွေး၍ ကွင်းဆင်းစစ်ဆေး

လယ်ဝေး ဇူလိုင် ၂၄

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းသည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့၊ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များ၌ ဆောင်ရွက်လျက်ရှိသည့် ရာသီပြည့်သီးနှံ စိုက်ပျိုးရေးနှင့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်မည့်လုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စပါးသီးနှံ၊ မြေအသုံးချရေး တိုင်းညွှန်ကြားရေးမှူးများ၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနဝန်ထမ်းများ တက်ရောက်သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက အဓိကသီးနှံများတွင် တစ်ဧက ပန်းတိုင်အထွက်နှုန်းထွက်ရှိရန် မျိုးပြောင်းလဲစိုက်ပျိုးခြင်းမှစ၍ အပင်ပြုစုခြင်းလုပ်ငန်းများ စနစ်ကျခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်းနှင့် ရိတ်သိမ်းစက်ဖြင့် အချိန်မှန်ရိတ်သိမ်းခြင်း အဆင့်ဆင့်ဆောင်ရွက်ရန်၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ခြင်းဖြင့် လေလွင့်ပျက်စီးဆုံးရှုံးမှုများ နည်းပါးခြင်း၊ အကျိုးတူလယ်ယာစနစ်ဖြင့် သွင်းအားစုများ ဈေးသက်သာစွာ ရရှိနိုင်သဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် သစ်ဆိမ့်ပင် စနစ်ကျလယ်ယာမြေဧက ၂၀၀ တွင် အောင်နိုင်တိုးစပါး ရိတ်သိမ်းမည့် အခြေအနေအား ကွင်းဆင်းကြည့်ရှုကာ တောင်သူများနှင့်တွေ့ဆုံ၍ အချိန်မီရိတ်သိမ်းရေး၊ ဈေးကွက်နှင့် မိုးစပါးတွင် ဆက်လက်စိုက်ပျိုးမည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)