တာချီလိတ် ဇူလိုင် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့်အတူ တောင်ကျချောင်းရေများစီးဆင်းကာ မယ်ဆိုင်ချောင်းရေမြင့်တက်လာခြင်းကြောင့် ယမန်နေ့ ည ၇ နာရီက မယ်ဆိုင်ချောင်း ရေအမှတ် ၃၉၂ စင်တီမီတာသို့ရောက်ရှိကာ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေများဝင်ရောက်နေပြီဖြစ်သဖြင့် ကြိုတင်ပြင်ဆင်နိုင်ရန် အသိပေးနှိုးဆော်ထားလျက်ရှိသည်။
နေပြည်တော် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန တိုင်းတာချက်အရ ၃၉၂ စင်တီမီတာ ရောက်ရှိနေပြီး တာချီလိတ်မြို့၏ စိုးရိမ်ရေအမှတ် ၃၉၁ စင်တီမီတာထက် ကျော်လွန်ရောက်ရှိနေပြီဖြစ်သဖြင့် အနိမ့်ပိုင်းရပ်ကွက်နေပြည်သူများ ရေဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန် မိသားစုအရေးပေါ်ရွေ့ပြောင်းနိုင်ရန်နှင့် အရေးပေါ်သုံးပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားကြရန်၊ လျှပ်တစ်ပြတ်ရေကြီးပါက အရေးပေါ်သုံးပစ္စည်းများ၊ အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့်တပါတည်းအတူထားရှိရန် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ လိုက်လံအသိပေး နှိုးဆော်ထားလျက်ရှိသည်။
ထို့ပြင် တာချီလိတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားလာပါက အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အသင့်စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)