တပ်ကုန်းမြို့၌ ကောက်စိုက်စက်ဖြင့် မိုးစပါး ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကျင်းပ

တပ်ကုန်း ဇူလိုင် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဦးဆောင်၍ ကောက်စိုက်စက်ဖြင့် မိုးစပါးကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့လယ်ပိုင်းက အင်ဖက်ကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၃၀၅ ကွင်း၊ တောင်သူ ဦးရွှေညိုလယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက စပါးစိုက်တောင်သူများနှင့်တွေ့ဆုံကာ တောင်သူများ မျိုးကောင်း၊ မျိုးသန့် အသုံးပြုစိုက်ပျိုးနိုင်ရေး၊ ကျဲပက်စနစ်အစား အစေ့ချစနစ် စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာများ ကိုယ်တိုင်ပြုလုပ် အသုံးပြုနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး၊ လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုရေး၊ အောင်နိုင်တိုးမျိုးစပါး စမ်းသပ်စိုက်ပျိုးနိုင်ရေး ရှင်းလင်းမှားခဲ့ပြီးနောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးနိုင်ဦးက Seeder စနစ်စိုက်ပျိုးရာတွင် မျိုးစေ့ကုန်ကျမှုသက်သာရေး၊ ပင်ကြားတန်းကြား ညီညာစွာရရှိခြင်း၊ ကြားပေါင်းလိုက်ရ လွယ်ကူရေး၊ သမန်းနှိုးရန် အဆင်ပြေရေး၊ ကောက်ကွက်ပြည့်မီပြီး ပင်ပွားကောင်းမွန်ရေး၊ မြေဆီအာဟာရများ ညီမျှစွာရရှိရေး၊ ကုန်ကျစရိတ်သက်သာရေး၊  ရိတ်သိမ်းရန်လွယ်ကူရေး စသည့်အားသာချက်များ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများက လက်ဆွဲစပါး မျိုးစေ့ချကိရိယာများ ဝယ်ယူသည့် တောင်သူများ လက်ဝယ်ပေးအပ်ခဲ့ပြီးနောက် ကောက်စိုက်စက်၊ လက်ဆွဲစပါးမျိုးစေ့ချကိရိယာတို့ဖြင့် မိုးစပါးကွင်းသရုပ်ပြ စိုက်ပျိုးပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်