ကျိုင်းလပ်မြို့၌ လယ်ယာမြေဥပဒေများအကြောင်းနှင့် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျိုင်းလပ် ဇူလိုင် ၂၄

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ ပူကာကျေးရွာ၌ လယ်ယာမြေဥပဒေများအကြောင်းနှင့် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၁ နာရီမှ ၃ နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကျိုင်းလပ်မြို့ မြေစာရင်းဦးစီးမှူး ဦးမောင်မောင်တာက ကျေးရွာနေပြည်သူများအား လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြေယာများလုပ်ကိုင်နိုင်စေရန်နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရသူများ၏အခွင့်အရေးများ၊ လိုက်နာရမည့်စည်းကမ်းချက်များ၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့်အယူခံခြင်းစသည့် ဥပဒေ၊ နည်းဥပဒေပါအချက်များနှင့်ပတ်သတ်၍ အများပြည်သူများသိရှိစေရန် ဆွေးနွေးဟောပြောခဲ့ပြီး  သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမင်းက သစ်တောထိန်းသိမ်းရေးနှင့်ရေသယံဇာတ ထိန်းသိမ်းရေးကိုလည်းကောင်း၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးကိုလည်းကောင်း၊ သစ်တောသစ်ပင်များမှ ပေးစွမ်းနိုင်သည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ စားရေးရိက္ခာဖူလုံဖို့ သစ်တောများကိုထိန်းသိမ်းစို့ ဆောင်းပါးပါ အကြောင်းအရာများကိုလည်းကောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ယင်းနောက် အဆိုပါအသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် ကျေးရွာနေဒေသခံတောင်သူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)