ချောင်းဆုံ ဇူလိုင် ၂၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့် မဲပေးခြင်းစနစ်အစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆင့်ပွားသင်တန်းကို ကျွန်းသာယာခန်းမ၌ ဖွင့်လှစ်လျက်ရှိရာ ဇူလိုင် ၂၂ ရက် နံနက်(၁၀)နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ မဲဆန္ဒရှင်ပြည်သူများ ပထမဆုံးအကြိမ် အီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက် ကိုင်တွယ်မည့်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုပုံများအား သင်တန်းသား၊ သင်တန်းသူများမှ သင်ကြားသင်ယူနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ကဏ္ဍအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြသည်။
အဆိုပါသင်တန်းကို ဇူလိုင်လ(၂၁)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး အခြေခံပညာဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ (၃၈၆)ဦးတို့အား သင်တန်းနည်းပြ(၇)ဦးတို့မှ တစ်ရက်လျှင် သင်တန်းသားအယောက်(၁၀၀)နှုန်းဖြင့် ဇူလိုင်လ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ (၄)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော် (ချောင်းဆုံ)