ရေး ဇူလိုင် ၂၃
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေထုတ်ယူရာတွင် လူပုဂ္ဂိုလ်မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်ရန်နှင့် ခေတ်မီနည်းပညာအသုံးပြုနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် UID နံပါတ်များ Centralized e-Pension Program တွင်ထည့်သွင်းရန် UID နံပါတ်ထုတ်ပေးရေး အထူးဦးစားပေးအစီအစဉ်အဖြစ် ကွင်းဆင်းခြင်းကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ရေးမြို့မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ဆောင်ရွက်ပေးသည်။
ထို့သို့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် နေ့ချင်းပြီး လျင်မြန်စွာဆောင်ရွက်ပေးခြင်းကို ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေးခရိုင်ဦးစီးမှူး ဦးရည်သန့်တို့က လိုက်လံကြည်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ရေးမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် UID နံပါတ်ပြုလုပ်ရန်အတွက် လိုအပ်သည့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ပင်စင်ကတ်တို့ကို တစ်ပါတည်းယူဆောင်လာရမည်ဖြစ်ပြီး ပင်စင်လာရောက်ထုတ်ယူချိန်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှင်းသန့်ဖြူ