၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး/ ကျောင်းပြင်ပအလယ်တန်းပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

အင်းစိန် ဇူလိုင် ၂၃

ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး/ ကျောင်းပြင်ပအလယ်တန်းပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိမြတ်အောင်၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းပြင်ပမူလတန်းပညာရေး/ အလယ်တန်းပညာရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများ၊‌ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက လမ်းညွှန်အမှာစကားပြောကြားရာ ကျောင်းပြင်ပပညာရေးသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာရေး သင်ယူခွင့်ရရှိရန် အခက်အခဲရှိသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်အခြေအနေနှင့် လိုက်လျောညီထွေစွာ စီစဉ်ဆောင်ရွက်ပေးရာတွင် တာဝန်ရှိသူများနှင့် စေတနာရှင်များ၏ အကူအညီဖြင့် သတ်မှတ်လျာထားသည့် ကာလတစ်ခုအတွင်း ရည်ရွယ်ချက်ပြည့်အောင် ပို့ချပေးသည့် ပညာရေးစနစ်ဖြစ်ကြောင်းနှင့် ကျောင်းပြင်ပမူလတန်းပညာရေး/ အလယ်တန်းပညာရေးအစီအစဉ်တွင် ကူညီပံ့ပိုးပေးသည့် အဖွဲ့အစည်းများနှင့်စိတ်အားထက်သန်စွာ ပါဝင်လှူဒါန်းကြသည့် ပညာရေးစေတနာရှင် အလှူရှင်များကို များစွာကျေးဇူးတင်ရှိပါကြောင်း စသည်တို့ကို ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး စာအုပ်နှင့် စာရေးကိရိယာများအားပေးအပ်ရာ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွေးက လက်ခံရယူခဲ့ကာ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက ကျောင်းပြင်ပမူလတန်း/ ကျောင်းပြင်ပအလယ်တန်းကိစ္စ ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ခရိုင်အုပ်ချုပ်ရေးမှူးများအား ခရိုင်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက တာဝန်ပေးခန့်အပ်လွှာများအား ပေးအပ်ခဲ့ပြီး အလှူရှင်များက အလှူငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် သင်တန်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူလေးများက “ကလေးများအတွက်ဒီနေ့”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ပြသထားသည့်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)