မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဇူလိုင် ၂၃

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇူလိုင်၂၃ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် အမှတ်(၉)မူးယစ်တပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူးကြီး သန်းအေးက လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအလွဲသုံးရာမှ စွဲစေတတ်သည့် ဆေးဝါးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၊ မူးယစ်ဆေးဝါး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးစွဲလက္ခဏာများအကြောင်းကို အသိပညာပေးဟောပြောပြီး မော်လမြိုင်ခရိုင်ရုံးမှ ဥပဒေအရာရှိ ဦးကိုကိုမောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် တရားဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာ ဗဟုသုတများအကြောင်းကို အကျယ်တဝင့် အသိပညာပေးဆွေးနွေး ဟောပြောခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော မူးယစ်အန္တရာယ်တားဆီးကာကွယ်၊ မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်ဆေးဝါးအန္တရာယ်တိုက်ဖျက်ရေး၊ ကျောင်းသားလူငယ်များ လိုက်နာသင့်သည့်အချက်များစသည့် အသိပညာပေးနံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)