မော်လမြိုင် ဇူလိုင် ၂၃
မွန်ပြည်နယ်အတွင်း လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတွင် ယခုရွေးကောက်ပွဲသည် အီလက်ထရောနစ်စက်ကို အသုံးပြု၍ကျင်းပမည့် ပထမဆုံးရွေးကောက်ပွဲဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်မည့်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးသည် အဓိကကျသောအပိုင်းဖြစ်၍ မဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံတို့ကို လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ယခုသင်တန်းတွင် စနစ်တကျသင်ကြားပြသပေးမည်ဖြစ်ကြောင်း၊ မဲရုံအသီးသီးတွင် မဲပေးစက်၊ ထိန်းချုပ်စက် (Control Unit) ကို ကိုင်တွယ်ကြီးကြပ်ရမည့် မဲရုံအဖွဲ့ဝင်များအနေဖြင့် မဲပေးစက်အစိတ်အပိုင်း တစ်ခုစီ၏ ဖွဲ့စည်းတည်ဆောက်ထားမှု ဆန္ဒမဲပေးသည့်လုပ်ငန်းကို ဆောင်ရွက်မှု စသည်တို့ကို ကျွမ်းကျွမ်းကျင်ကျင်ဖြင့်သိရှိပြီး လက်တွေ့ကိုင်တွယ်အသုံးပြုတတ်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း၊ မဲရေတွက်ခြင်းအတွက် အချိန်ကြန့်ကြာမှုများ၊ ကိန်းဂဏန်းလွှဲမှားမှုများကိုကျော်လွှားပြီး အချိန်တိုအတွင်း တိကျမှန်ကန်သည့် မဲရလဒ်များ ထုတ်ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အငြင်းပွားဖွယ်ဖြစ်ရပ်များ၊ မဲမသမာမှုများလည်း မရှိနိုင်တော့ဘဲ ပွင့်လင်းမြင်သာသည့် တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိက မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာဆင့်ပွားသင်တန်းကို အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ (၃၇၆)ဦးဖြင့် ဇူလိုင်လ (၂၃)ရက်နေ့မှ (၂၆)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)