ကျောက်ဆည်ခရိုင်တွင် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် စာအုပ်၊ စာစောင်များ ပြသ

ကျောက်ဆည် ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ကျောင်းသူများ ဗဟုသုတပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် စာအုပ်စာစောင်များပြသခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မီးခိုးနှင့်မြူတို့ပေါင်းစပ်မှုဖြစ်ပြီး၊ လေထုအတွင်း များစွာသော ဓာတုဗေဒပစ္စည်းများနှင့်အတူ ဖွဲ့စည်းနေသည့်အခိုးအငွေ့များဖြစ်ကြောင်း၊ ကားများ၊ စက်ရုံများ၊ တောမီးလောင်ခြင်းများမှ ထွက်ရှိလာသည့်မီးခိုးများကြောင့် မီးခိုမြူငွေများ ဖြစ်ပေါ်လာကြောင်းနှင့် ကျောက်ဆည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသီဟမှ မီးခိုးမြူငွေ့တွင် ပါဝင်သော ဓာတုပစ္စည်းများအကြောင်း၊ မီးခိုးမြူငွေကြောင့် ကျန်းမာရေးအပေါ်သက်ရောက်မှုများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် မီးခိုးမြူငွေ့အား လျော့နည်းပပျောက်အောင် ဖြေရှင်းနိုင်သည့်နည်းလမ်းများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲအပြီးတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)