မူဆယ် ဇူလိုင် ၂၃
မူဆယ်မြို့အတွင်းနေထိုင်လျက်ရှိသော အများပြည်သူများနှင့် ကျောင်းသားလူငယ်များအား မိမိတို့ကိုင်ဆောင်အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းများမှတစ်ဆင့် လိမ်လည်ခြင်းများကို သိရှိနိုင်စေရန်နှင့် လိမ်လည်ခြင်းခံရပါက အသိသတိရှိရှိဖြင့် ရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ချယ်ရီခန်းမတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာရှိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ယနေ့ခေတ်တွင် အွန်လိုင်းကို လူတိုင်းအသုံးပြုနေကြသဖြင့် မိမိတို့အသုံးပြုလျက်ရှိသော အွန်းလိုင်းများဖြစ်သည့် Telegram, Wechat, TikTok နှင့် Facebook များမှ အလိမ်မခံရအောင် လူငယ်လူရွယ်များအား လာရောက်အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တာဝန်ခံကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၂၀၀) ဦးခန့်က လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနမှပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပြသပေးသော စာတန်းထိုး ဗီဒီယိုဇာတ်ကားများကို စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုကြကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)