တောင်ကြီးမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ရက်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင်းရှောက်မှုများ ဆောင်ရွက်ပေး

တောင်ကြီး ဇူလိုင် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ ပင်စင်လစာထုတ်ရက်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု‌ပေးခြင်းများကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် အငြိမ်းစားဝန်ထမ်းများအား စားဝတ်နေရေးအဆင်ပြေစေရန် အခြေခံစားသောက်ကုန်များကို ပြင်ပဈေးနှုန်းထက်သက်သာသော တန်ဖိုးသင့်ဈေးနှုန်းများဖြင့် ကြက်ဥတစ်လုံးလျှင် (၃၅၀) ကျပ်၊ စားအုန်းဆီ (၁) ပိဿာလျှင် (၆၉၆၄) ကျပ်၊ ဧည့်မထဆန် (၁) ပြည် (၃၀၀၀) ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေး (၁) ပြည် (၅၉၀၀) ကျပ်နှုန်းများဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါအငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ လူတိုင်းသက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့ ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ စဝ်စံထွန်းဆေးရုံမှ ဒေါက်တာ သီတာစိုး ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်း (၄၉) ဦးတို့အား သွေးပေါင်ချိန်ခြင်း၊ သွေးချို၊ ဆီးချို၊ နှလုံးရောဂါဆိုင်ရာစစ်ဆေးခြင်း၊ အခြေခံရောဂါရှာဖွေ စမ်းသပ်စစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းရောဂါ စစ်ဆေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေး၍ လိုအပ်သော ဆေးဝါးများကို အခမဲ့ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)